အလင်းပျက်ညရဲ့အလင်းတစ'ကြယ်'
ညမင်းကြယ်တံခွန်
ပုလင်းကွဲညတွေနဲ့ထွန်းညှိခံထားတဲ့
ရောင်စုံပန်းတစ်ပွင့် . . .
နေမှုန်ကို စောင့်ဆိုင်းနေတယ် ။
လေမတိုက်ပဲနဲ့တော့ သစ်ရွက်မလှုပ်ဘူးလေ
အချစ်ဆိုတာ . . .
နှစ်ဦးစလုံး ညီမျှမှု့ကနေ
ဆင်းသက်လာတဲ့ '' အက္ခရာ '' ။
မလျှော့မတင်း အကြည့်တွေနဲ့
ခိုးဝှက်ခံထားရတဲ့ အပြုစားခံအသဲနှလုံး
ချူပ်နှောင်မှု့တွေတင်းရစ်ပတ်နေတဲ့
အလွမ်းချည်မျှင်ကြိုး . . .
ဖြတ်မရလို့ ကူပါအုန်း အချစ် ။
နေထွက်လာလို့ အလင်းရပေမယ့်
ရေငတ်နေသူအဖို့ . . .
နေမင်းရောင်ခြည် ရက်စက်လွန်းပေသည် ။
ပါးပါးလေး တွေ့လိုက်တယ်
လှနေတဲ့အပြုံးဟာ
ဘယ်သူအတွက်လဲ . . .?
ကိုယ် မဆိုလိုဘူး
အချစ်ကို ဘောင်ခတ်မထားလို့
ရှောင်ထွက်သွားမယ်ဆို
ကိုယ် မငိုပါဘူး ။
သစ်ရွက်စိမ်းတွေတောင်မှ
အချိန်တန် ဝါဖန့်ဖန့်ရောင်သန်းရပေမယ့်လို့
အချစ်ရဲ့မာနတွေနဲ့ ပြည့်နှက်ဆူပွက်နေတဲ့
လက်တစ်စုံဟာ . . .
ဘယ်တော့များမှ သာယာမှု့ပေးမလဲ ။
သန်းခေါင်ယံဆိုပေမယ့်
သူ့မှာ အထီးကျန်ဆန်မှု့မရှိဘူး
ညမွှေးပန်းက သူ့ရဲ့အဖော်မွန်
ကိုယ်ကတော့ သန်းခေါင်ယံထက်ပိုနက်ခဲ့လို့
အမှောင်ပင်လယ်မှာ လှော်တတ်ပျောက်နေတယ် ။
အချစ်ကို စာမဖွဲ့တတ်ပေမယ့်
လွမ်း အလွမ်းကဗျာတွေ
မှန်း ရည်မှန်းကာ ရေးစပ်သမျှ
ပဝါနဲ့မျက်ရည် ရွှဲနစ်ကုန်ပြီ ။
လေမဆန် မုန်တိုင်းမတိုက်
မီးလှိုက်လှိုက်မပြင်းရှသော်လည်း
နွေအပြုံး ဆောင်းမျက်နှာနဲ့
ချစ်သူ . . .
လျှပ်ဆင်မြန်းကာ မိုးကြိုးသွားများစွာနဲ့
တို့ အသဲနှလုံး . . .
လွမ်းမျက်ရည် မိုးမညိုပါရစေနဲ့ ။
ချစ်သူ . . .
စကားမပြောချင်နေပါ
ဒါပေမယ့် . . .
အပြစ်မရှိတဲ့ မင်းအသဲနှလုံးနဲ့
တို့ အသဲနှလုံးကိုတော့
ရင်းနှီးခွင့် ခွင့်ပြုလိုက်ပါ ။
ချစ်သူ . . .
မြေခွေးတွေ 'အူ 'တိုင်း
'လ'မသာပါဘူး
ကိုယ်တိုင်ဖြတ်မရတဲ့ အချစ်ကြိုးကို
ဘေးအတိုက်တွေ ဘယ်လိုတွန်းဖျက်ဖျက်
တည်သောကြိုးသည် သစ္စာကြိုးပါပဲ ။
ချစ်သူ . . .
ချစ်တာတွေကိုလဲ ရင်ဖွင့်မပြတတ်ဘူး
အမူအယာများစွာနဲ့
ချိုချိုသာသာ မာယာစကားတွေကိုလဲ
ရုပ်လုံးဟန်ကြွအောင် မပြောတတ်ဘူး ။
ဒီကမ္ဘာ့မှာ အလှဆုံးပန်းတစ်ပွင့်ရှိရင်
မင်း ပန်ဖို့အတွက် ဖူးပွင့်လာခြင်းပဲ
ဒီကမ္ဘာ့မှာ တောက်ပဆုံး'ကြယ်'တစ်ပွင့်ရှိရင်
မင်း အေးချမ်းဖို့အတွက် ထွန်းတောက်ပေါ်ထွက်လာခြင်းပဲ ချစ်သူ ။
အကွာအဝေးဆိုတာ
တိုင်းတာလို့ ရှည်လျှားပေမယ့်
အချစ်နယ်နမိတ်မှာတော့
ဝေးချင်း နီးချင်း ရှည်လျှားမှု့မရှိ
ချစ်တဲ့သူ တစ်ယောက်ရင်ထဲမှာ
ချစ်သောသူတစ်ယောက်သာ အစဉ်ရှိ၏ ။
မြှားတံက အားပျော့နေပြီး
လေးကြိုးကတအား ခိုင်ခံ့နေရင်လည်း
ခရီးဟာ ဆုံမှတ်ရဲ့
သုညဒီဂရီအောက် ရလဒ်ပဲဖြစ်လိမ့်မယ် ချစ်သူ ။
သုညကမ္ဘာ့မှာ ''တစ်''ဖြစ်အောင်
ကြိုးစားလို့ရပေမယ့် . .
ဘာမှမမြင်ရတဲ့ ပန်းချီတစ်ချပ်ကို
ဘယ်လိုခံစားချက်တွေနဲ့ ပန်းတွေကျဲပေးရမလဲ ။
လက်နက်တကာ လက်နက်ထဲမှာ
ကိုယ် အကြောက်ဆုံးက
'မေတ္တာ,ဆူး ' လက်နက်
ကြောက်သထက် အကြောက်ဆုံးက
မချို မချဉ်အပြုံးနဲ့ မလိုတခါ လိုတခါ
သုံးတတ်တဲ့ ''အချစ်ရဲ့မျက်လှည့်''တွေကြောင့်
ဒီလူမောင် ရူးခဲ့ရတာ … … …
{ဘယ့်အင်္သချေ}ရှိပြီလဲ မရေတွက်နိုင်ဘူး ။
ရေနစ်နေသူကို ကယ်ဖို့ထက်
ကိုယ်အရင် ရေကူးတတ်သလားဆိုတာ
တွေးမိဖူးလား . . . .?
လူတွေနဲ့ အံ့ဝင်ခွင်ကျဖြစ်ချင်ရင်တော့
ဘာမှသိပ်မလိုအပ်ဘူး ချစ်သူ
ရိုးသားမှု့တွေနဲ့သစ္စာတွေကို
မြေမှာမြုပ်ပြီး စတေးလိုက်ရုံပဲ ။
ကိုယ်က သူ့နေရာမဝင်သ၍တော့
အပြစ်တင်ရင် တင်မယ်
ကဲ့ရဲ့ရင် ကဲ့ရဲ့မယ်
အဆုံးအဖြတ်တွေရဲ့နောက်ဆုံးမှာတော့
လူတွေဟာ
ရူးသွပ်ပြီး မီးဘုံထဲမှာ ရွှေရှာနေကြတယ်။
ကောင်းကင်ဟာ တိမ်မျှင်တွေနဲ့
ရှုပ်ထွေးနေချိန်မှာ . . .
အခါလွန်မိုးတွေ ရွာချလိုက်
မနက်ခင်းဟာ မည်းမှောင်လိုက်နဲ့
တကြိမ်ချော်လွဲခဲ့တဲ့ လမ်းတဖက်မှာ
ကိုယ်ဟာ . . .
ချစ်သူကို ချော့သိပ်သော
မိုးစက်တစ်ပွင့် ဖြစ်လေ၏ ။
မင်း အိပ်တတ်ရင် အိပ်ပျော်လိမ့်မယ်
မင်း နားထောင်တတ်ရင်
ကိုယ့် တီးခတ်မှု့က နားဝင်ချိုလိမ့်မယ်
မင်း နှစ်သက်ရင်
ကိုယ့် ကဗျာက အသဲနှလုံး
မင်း မနှစ်သက်ရင်တော့
ကိုယ့် ကဗျာက အစုတ်ပလုတ် ။
'နေ'သာချိန်မှ
'လမင်း'ထွက်ရှာနေလို့ အပိုပဲ
အမူယာ အဆန်းပြားတွေနဲ့
လူတကာ ယစ်မူးတဲ့လမ်းကိုမှ
လျှောက်ချင်လှ ဆိုရင်
အပိုအရှုပ်တွေကို အဟုတ်ထင်တဲ့လူတွေနဲ့
မင်း မိတ်ဖွဲ့ပြီး နေရစ်တော့ ချစ်သူရေ ။
တကယ်တော့ . . .
လူ့ဘဝဆိုတာ ခမ်းနား၊ ထည်ဝါဖို့မလိုဘူး
ဆည်းဆာရဲ့သန်းခေါင်ယံ မဖြစ်ဖို့ပဲ
လိုအပ်တယ် ချစ်သူ !!! ။
No comments:
Post a Comment