ချည်ထားမရတဲ့ခန္ဓာ
မြေပဝရံ ၊ ရွှေမြစံလို့
သက်တံလှိုင်းစီး ၊ ကြို ခရီးစဉ်
မျှော်ပြီးစောင့်ကာ ၊ လာပါ လာပါ
ရင်မှာဆင်းကြွေခပါ ။
ခြောက်သွေ့စွေ့ခုန် ၊ ညည်းသွဲ့မှုန်စွာ
မှိုင်းသုန်ပမာ ၊ လွှမ်းခြုံကာရံ
မှန်းပုံရိပ်ယံ ၊ ခတ်ထံလူးရင်း
ချစ်ချင်းမေတ္တာပျောက်လှ၏ ။
ဆွေးဖွဲ့သံမြည် ၊ ထွေးရစ်ချည်မှီ
လွမ်းစည်တီးချွေ ၊ ပုံရိပ်နွေမှ
စုကြွေသက်ဆင်း ၊ ထွေခင်းစီကာ
ဒဏ်ရာပြည့်နှက်လေခဲ့ပြီ ။
တွေးစရိပ်ဖြန်း ၊ ရောင်ဝါသန်းစဉ်
မျှော်မှန်းလွင့်စင် ၊ ကောင်းကင်ဆီသို့
ဝေးလို့ဆွေးရပြီ ။
ဖြေမဆည်သာ ၊ ရင်ခွင်မှာနင့်
ပြေးကာအချစ် ၊ နွမ်းနွံ့နစ်လို့
ပိုင်းထစ်လေခဲ့ ၊ ပြတ်တဲ့ကြိုးဆက်
ရက်စက်ချည်ခဲ့တယ် ။
တမာငယ်သွေး ၊ မေတ္တာထွေးရင်း
တိုက်ကြွေးလေသူ ၊ ထိုဤလူတို့
ပေးယူမျှကာ ၊ ဆွဲဖြုတ်ခွာလို့
ဝေးခြင်းသို့ဖန် ၊ စေတန်အဖျက်
ရိုက်ချက်ကြမ်းလှ၏ ။
ရှို က်ပြင်းလှုပ်တုန် ၊ မြေစိုင်ဖုန်တွေ
ဖြန့်ခုန်အုပ်ပြီ ၊ လွှမ်းပန်းချီရေ
ညွှန်စေရပ်မှာ ၊ နေသာနေခဲ့
ချစ်တဲ့သူ့အတွက် အသက်စတေးမယ်
ဘဝတကွေ့ ၊ တသက်ရွေ့လဲ
ဖျောက်မေ့မရ ၊ ခြောက်သွေ့လှတဲ့
ကိုယ့်ရဲ့ဒဏ်ရာ
ကုဋေကုဋ္ဌာသင့်လေပြီ ။
''ဝေ''ရယ်မှန်းရွယ် ၊ ပန်းစီချယ်ခင်း
လမ်းသွယ်ထက်မှာ ၊ ပွင့်စေကာကျဲ
လှမ်းလာခြေလွဲ ၊ ရက်စွဲကြွေကွဲ
ဆုံခွဲခွာမျက်ရည်ပွင့်လေမြဲ ။
ကြူးရင့်သီပါ ၊ ငှက်ကျေးဝါတို့
အော်ကာအော်ဆို ၊ ဆွေးစိတ်ပိုလို့
ပျက်ပြို ဆောက်တည်မဲ့နေပြီ ။
တဲအိုပမာ ၊ လွင့်အခါခါ
လေဖြာပင့်လို့ ၊ ပါရာသို့ယိမ်း
ဆွေးမြေ့မှိန်းရင်း ၊ ဝေးချင်းပုံရိပ်
နမိတ်မြင်မိတယ် ။
အတိတ်ကြွေငယ် ၊ အလွမ်းကြွယ်ရုပ်
ပွေ့လွယ်ထုတ်ပိုး ၊ ရင်ခွင်မိုးသား
သွန်းဖြိုးစေပါး ၊ ညို့အားပြင်းရှ
ဒီညမရှု့မလှဖြစ်ချေ၏ ။
ယုယနမ်းချွေ ၊ ဆင်းသက်လေသော်
မောင့်''ဝေ''ကညာ ၊ ရင်နာကွဲအက်
အသက်ထပ်လျှက်၊ ပေးဆပ်လိုက်မည် ။
မနှေးဆုံမယ် ၊ သွားနှင့်ကွယ်လို့
နူတ်ရယ်စကား ၊ အသဲဖျားက
ဖွင့်ကြားလေသံ ၊ သူ့ထံစေပါး
မှာထားခဲ့လေသည် ။
ဒီ ''နေ'' , မီးဖို ၊ လှူံ ကာခိုရင်း
ရွေ့အိုလို့လာ ၊ ခန္ဓာတပါး
ချည်ထားလို့မရဒီသဘာဝပေါ့ '' ဝေဝေ ''
ညမင်းကြယ်တံခွန်
No comments:
Post a Comment