ညှိမရတဲ့အလင်္ကာ
လေဟုန်မှာပျံကာဝဲ
ပြန်လှည့်လို့နောက်တစ်ကြိမ်မလာနဲ့ . . ချစ်သူ
မောဟိုက်ကာတုန်ရီစွာဖြင့်
ကျောခိုင်းလို့ပြီးဆုံးခဲ့ပြီပဲ
အပူရုပ်ကြွေ အငိုမျက်ရည်တွေ
သန့်စင်လို့ပြီးခါမှ . . .
ပြန်လှည့်ဝင်လာတဲ့ ဒုတိယကဗျာတပုဒ်က
ပထမကဗျာကို မှီနိုင်ရော့မလား
စဉ်းစားတတ်ရင် ပြန်လာမချစ်နဲ့ ။
ဟင်းလင်းပြင်မဟုတ်တဲ့ တို့အသဲနှလုံး
ခဲတစ်လုံးလို လွှတ်ပစ်ချ ပြီး
လေလွှာကို မင်းကခိုစီးလို့
ရင်နာနာနဲ့ တို့ဘဝခရီး
အကြိမ်တစ်ရာမက
အိမ်ပြန်မလှ - မောနွမ်းလေသမျှ
လမိုက်ညနဲ့နှစ်သိမ့်ဖြေနေရတယ် ။
အချို မပါတဲ့ သဲပွင့်က
သကြားမဟုတ်တော့
အချိန်ကုန်လို့ . . . .
နေ့ရက်တွေသာ ပုပ်သိုးသွားမယ်
ဆေးဖက်မဝင်တဲ့ ဒီပန်းချီတချပ်ကို
ပြန်လည်ထွေးဖက်ဆိုတာ …
အတွေးနှင့်သာ သင့်တော်မယ်ထင်တယ် …
ချစ်သူ ။ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment